ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲအား အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့

ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar: To Establish the Federal Health System) ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ကျန်းမာရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC – Health)၊ အမျိုးသားကျန်းမာရေးကော်မတီ (National Health Committee – NHC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမျိုးသားကျန်းမာရေးကောင်စီ (NHC) ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၂၀၂၂) ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

နှီးနှောဖလှယ်ပွဲကို ကျန်းမာရေးဆိုင်ရာ ကဏ္ဍ (၅) ရပ်ဖြစ်သည့်
(၁) ကျန်းမာရေးမူဝါဒများ (Health Policies)
(၂) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် (Human Resources for Health)
(၃) လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေးလွှမ်းခြုံမှု (Universal Health Coverage)
(၄) ကျန်းမာရေးစနစ်အတွင်းလက်ရှိစိန်ခေါ်မှုများ (Current Challenges on Health System)
(၅) လုပ်ငန်းခွင်ဆိုင်ရာကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး (Occupational Safety and Health) တို့ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး (၅) ရက်တာ ကာလအတွင်း စာတမ်းစုစုပေါင်း (၂၁) စောင် တင်သွင်းဖတ်ကြားခဲ့ပါသည်။

စာတမ်းများ ဖတ်ကြားတင်ပြရာ၌ ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရာတွင် ထည့်သွင်းရေးဆွဲရမည့် မူဝါဒများ၊ ဦးစားပေးဆောင်ရွက်ရမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအစီအစဉ်များ၊ Universal Health Coverage (UHC) ရရှိရေး ပူးပေါင်းဆောင်ရွက်ကြမည့် အဖွဲ့အစည်းအသီးသီး၏ အခန်းကဏ္ဍများ၊ ကျေးလက်ဒေသများနှင့် ဝေးလံခက်ခဲဒေသများပါမကျန် တစ်နိုင်ငံလုံး ဖြန့်ကျက်ဆောင်ရွက်နိုင်မည့် ပြည်သူ့ကျန်းမာရေးစနစ် ထူထောင်မည့်အစီအစဉ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြားသောဝန်ထမ်းများနှင့် အလုပ်သမားများအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အကာအကွယ်ပေးရေးအစီအမံများနှင့် ခံစားခွင့်များအတွက် ရေးဆွဲထားရှိရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ဆွေးနွေးအကြံပြုချက် (၁၀၆) ချက် ပေါ်ထွက်ခဲ့ပါသည်။

ဆွေးနွေးအကြံပြုချက်များအပေါ် တက်ရောက်လာသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျန်းမာရေးပညာရှင်များက ဖြည့်စွက်ပြင်ဆင်ထည့်သွင်းလိုသည်များကို ညှိနှိုင်းပြင်ဆင်ကာ အတည်ပြုချက်ရယူနိုင်ခဲ့ပါသည်။

ထို့နောက် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာလ (၉) ရက်နေ့၊ ညနေ (၄) နာရီတွင် ကျင်းပခဲ့ရာ ကျန်းမာရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC – Health) ကိုယ်စား ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင်၊ အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဥက္ကဋ္ဌ ပဒိုမန်းမန်းနှင့် အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဒုဥက္ကဋ္ဌ (၁) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့က နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ညနေ (၅) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

(၅) ရက်တာ နှီးနှောဖလှယ်ပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ကျန်းမာရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC – Health)၊ အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆေးနှင့်ဆေးနှီးနွှယ် ကျောင်းသူကျောင်းသားများ၊ ကျန်းမာရေးပညာရှင်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး နေ့စဉ်ပျမ်းမျှတက်ရောက်သူ (၁၆၀) ဦးခန့် ရှိပါသည်။

ဖွင့်ပွဲအခမ်းအနားသတင်းကို ဖတ်ရှုလိုပါက-
https://moh.nugmyanmar.org/opening-ceremony-of-national-health-seminar/

ဖွင့်ပွဲအခမ်းအနား ရုပ်သံမှတ်တမ်း-
https://youtu.be/hy01mYhNlFk

Published on: 16 September 2022
Last Updated: 16 September 2022