အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကျန်းမာရေးဌာနတို့ တွေ့ဆုံခြင်း

NHC Karenni IEC Jan 2024

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်

ဇန်နဝါရီလ (၂၂) ရက်နေ့တွင် အမျိုးသားကျန်းမာရေးကော်မတီ (National Health Committee – Myanmar – NHC) မှ တာဝန်ရှိသူများသည် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State – IEC)၊ ကျန်းမာရေးဌာနက ဦးဆောင်၍ ကရင်နီပြည်တွင် ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးအဖွဲ့များအား အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ကရင်နီပြည်၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နေမှု၊ အခက်အခဲများနှင့် ရှေ့လုပ်ငန်းစဥ်များကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကျန်းမာရေးဌာနက ဦးဆောင်၍ Doctors’ Society of Karenni၊ Karenni Nurses Association, Karenni Midwives Society, Civil Health and Development Network (Karenni State) (CHDN), Rural Health Society Myanmar စသည့် မြေပြင်တွင် ကျန်းမာရေးဝန်ဆောင်မှုပေးနေကြသော ကျန်းမာရေးအဖွဲ့များက တစ်ဖွဲ့ချင်းစီ တင်ပြဆွေးနွေး၍ နှီးနှောဖလှယ်ခဲ့ကြသည်။

တူညီသော ရည်မှန်းချက်များ၊ စံနှုန်းများနှင့် တက်လက်ညီညီ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ဂုဏ်ယူဝမ်းမြောက်လေးစားမိပါကြောင်းနှင့် ကရင်နီပြည် ကျန်းမာရေးကဏ္ဍတွင် ဦးစီးဦးဆောင် ပြုလုပ်နေကြသော ကျန်းမာရေးအဖွဲ့များကို အထူးပင်ကျေးဇူးတင်ဂုဏ်ပြုကြောင်း အမျိုးသားကျန်းမာရေးကော်မတီ (NHC) က မှတ်ချက်ပြုခဲ့သည်။

အဖွဲ့အသီးသီးကလည်း မြေပြင်တွင် မိမိတို့ ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် အဖွဲ့တစ်ခုချင်းစီ၏ မူဝါဒ၊ ရည်မှန်းချက်နှင့် မျှော်မှန်းချက်များကို မျှဝေဖလှယ်ခဲ့ကြသည်။

အစည်းအဝေးသို့ အမျိုးသားကျန်းမာရေးကော်မတီ (NHC) မှ တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကရင်နီပြည်တွင် ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးအဖွဲ့များ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။